.

Tuesday, March 26, 2013

မိစန္ဒီနဲ့ အင်တာဗျူး


သူငယ်ချင်းမောင်နှမများအားလုံး ကောင်းသောနေ့ လေးပါနော် .....ဘာလိုလိုနဲ့ အင်တာဗျူး
ပရိတ်သတ်တွေနဲ့ ဆုဂျေတို့ မဆုံဖြစ်တာတော်တော်ကြာပြီနော် ...။အကြောင်းတိုက်ဆိုင်စွာနဲ့ ဆုဂျေရန်ကုန်အလည်
ရောက်နေတုန်း လတ်တလော လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ခေတ်၏သမီးပျို အဆိုတော်မလေး မိစန္ဒီနဲ့
အင်တာဗျူးစကားဝိုင်းလေးလုပ်ခဲ့ပါတယ် ....။ ဆုံဖြစ်တဲ့နေရာလေးကတော့ မိစန္ဒီရဲ့  အိမ်မှာပေါ့ ..... မိစန္ဒီလို့ 
ဆိုလိုက်ရင်ပဲ အသံချိုချိုလေးနဲ့ လူငယ်ပရိတ်သတ်ကို ဆွဲဆောင်နေတဲ့ အဆိုတော်မလေးဖြစ်သလိုလတ်တလောမှာ
မိုနိုပိုလီဆိုတဲ့ တစ်ကိုယ်တော်စီးရီးလေးနဲ့ လူငယ်ထုကြား ရေပန်းစားနေတဲ့ အဆိုတော် မလေးဆိုရင်လည်းမမှားပါ
ဘူး ။မိစန္ဒီနဲ့ ဆုဂျေတို့ ပြောဖြစ်ခဲ့ ပုံလေးတွေကို ရှုစားကြည့်ရအောင်နော် ။

♥ညီမလေးရေ မင်္ဂလာပါနော်
♥♥ဟုတ် အမ မင်္ဂလာပါ....။
♥မိစန္ဒီဆိုတာ ညီမလေးနာမည်အရင်းလား
♥♥နာမည်အရင်းက မိစန္ဒီမင်းဥာဏ်ပါရှင် .....။
♥ညီမလေးဂီတလောကထဲ စ၀င်လာပုံလေးပြောပြပေးပါဦး
♥♥စ၀င်လာတာက underground ကပေါ့နော် ...underground ကနေအခွေတွေစဝေတာပေါ့နော် ကိုစိုးကြီးတို့နဲ
့စလုပ်ခဲ့တာပေါ့ ရှိုးပွဲတွေမှာ အခွေတွေလိုက်ဝေတယ်...။ ရှိုးပွဲမစခင် ပွဲစီစဉ်သူတွေကို ပြောပြီးတော့မိုက်စတန်းရှေ့မှာ
သီချင်းတတ်ဆိုတာပေါ့....။အဲကနေ ကိုစိုင်းတို့ ကပျော်စရာကြီး ဆိုတဲ့အခွေစီစဉ်တယ်...။လူငယ်အဆိုတော်တွေဆီက
သီချင်းတွေတောင်းတယ် အဲမှာ လာပေးကြတာ သီချင်းအပုဒ်(၆၀၀)လောက်ရှိတယ်... အဲထဲကမှ သီချင်းအပုဒ်(၃၀)
ရွေးတယ် ...အဲဒီထဲမှာသမီးဆိုထားတဲ့ကိုယ်ရဲ့ သက်တံငယ်ဆိုတဲ့ တစ်ပုဒ်ပါတယ်Player K နဲ့တွဲဆိုထားတာပေါ့နော်
နောက်တော့ ထက်ထက်တို့ မဂျင်းနီတို့ နဲ့တွဲဆိုထားတဲ့ 99.9 ဆိုတဲ့တစ်ပုဒ်ပါတယ် .....။ အဲဒီကနေစပြီးဂီတလမ်း
ကြောင်းပေါ်စရောက်လာတယ်ဆိုပါတော့ .....။
♥ညီမလေး သီချင်းတွေကိုဘယ်အရွယ်ကစပြီးတော့ စိတ်ဝင်စားခဲ့တာလဲ
♥♥စပြီးစိတ်ဝင်စားခဲ့တာကတော့ ၆တန်းနှစ်လောက်ကပေါ့နော် ...အဲဒီကတည်းက ရေးတာတွေအရမ်းဝါသနာပါတယ်
စာစီစာကုံးရေးတာတွေ ကဗျာရေးတာတွေပေါ့သမီးဟိုးကရခဲ့တဲ့ ဆုတွေကလည်း (ခပ်လှမ်းလှမ်းစင်ပေါ်ရှိဆုတံဆိပ်များ
စွာကို ညွှန်ပြရင်း) စာစီစာကုံးနဲ့ ရခဲ့တာပေါ့ ...၆တန်းလောက်မှာ သူငယ်ချင်းတွေနဲ့ wealther ဆိုတဲ့ အဖွဲ့ လေးဖွဲ့ တယ်
အဲအချိန်မှာAcid ကစထွက်ကာစပေါ့နော်.....။ ငါတို့ ကမြန်မာနိုင်ငံမှာ ပထမဆုံးမိန်းကလေးအဖွဲ့ ဆိုပြီးတော့ဒိုင်ခံ
သီချင်းတွေလျှောက်ရေးတာပေါ့ ....အဲဒီတုန်းကသီချင်းဆိုတာဘာမှန်းတောင်မသိသေးဘူး ...၊ အပိုင်းအစလေးတွေပေါ့
အမရယ် သီချင်းအကြောင်းမှနားမလည်တာ. တစ်ကြောင်းစ နှစ်ကြောင်းစလျှောက်ရေးတာပေါ့ ...။

♥ညီမလေးငယ်ငယ်က နားထောင်ဖြစ်ခဲ့တဲ့အဆိုတော်တွေကဘယ်သူတွေလဲ
♥♥ပထမဆုံးနားထောင်ဖြစ်တာကတော့ ခရီးသွားငါးယောက် ၊ ဘရစ်တနီစပ္ပီးယား ၊ ခရစ္စတီးနားအဂွီးလီယားတို့ 
ဘာတို့ ပေါ့ ....နောက်Acid ထွက်လာတော့ သူတို့အဖွဲ ကိုနားထောင်ဖြစ်တာပေါ့ ...။
♥ဒီမိုနိုပိုလီခွေလေးကိုကော ညီမလေးအချိန်ဘယ်လောက်ယူခဲ့ရလဲ
♥♥အချိန်ကတော့ တစ်နှစ်ခွဲကျော်ကျော်လောက်ကြာတယ်....။
♥ဒီအခွေထဲမှာ ညီမလေးအားအရဆုံးသီချင်းကကော ဘယ်သီချင်းလေးတွေဖြစ်မလဲ
♥♥အကုန်လုံးကိုတော့ အားရပါတယ် အားအရဆုံးလို့ ပြောရမယ်ဆိုရင် သမီးကိုယ်တိုင် ရေးတဲ့ရေခဲရိုက်အပြုံး
ဆိုတဲ့သီချင်းပေါ့ လူငယ်တွေလဲတော်တော်ကြိုက်ပါတယ်...။ ဒီသီချင်းကတော့ သမီးရေးဖူးခဲ့တဲ့ သီချင်းထဲမှာ
နည်းနည်းကောင်းတယ်လို့ ကိုယ် ကိုကိုယ် ယူဆမိတဲ့သီချင်းဖြစ်လို့ ပါ....။
♥ပရိတ်သတ်တွေဆီကကော ဘယ်သီချင်းတွေကြိုက်တယ်လို့ ပြန်ကြားရလဲ
♥♥ပရိတ်သတ်ကတော့ အဲဒီ ရေခဲရိုက်အပြုံးကိုလည်းကြိုက်တယ်ပြောပါတယ် နောက် ကိုယ်ရဲ့သက်တံငယ် ကို
လည်းပြောပါတယ် ....။နာက်ကိုကိုလူဆိုးတို့ ကိုရဲလေးနဲ့ ဆိုထားတဲ့ အတူတူ ဆိုတဲ့သီချင်းလဲ ကြိုက်တယ်လို့ 
့ပြောကြတယ် ..တစ်ယောက်တစ်မျိုးစီပေါ့နော် ....။

♥ကိုယ်ရဲ့ သက်တံ့ငယ်သီချင်းလေးကို ပြန်ထည့်ဖြစ်ပုံလေးကိုပြောပြပါ
♥♥အဲဒါကတော့ သူငယ်ချင်းတွေကလည်းထည့်ဖို့ တိုက်တွန်းတယ် ...ရှိုးပွဲတွေမှာဆိုလို့ ရှိရင်လည်း Player K
မပါရင်ဆိုလို့ကအဆင်မပြေဘူး အားလုံးကလည်း R&B ပုံစံ Remix လေးနဲ့ ပြန်လုပ်ပါလားလို့ တိုက်တွန်းတာလဲ
ပါတာပေါ့ အစက rapping ထည့်ဖို့ စိတ်ကူးမရှိဘူး ...၊ကိုယ့်ရဲ့ သက်တံ့ငယ်ရဲ့ cho ပိုဒ်က ဘန်နီဖြိုးရေးပေးတာ
ပဲလေ Rapping ကတော့ Player K ရေးပေးတာပေါ့ အဲဒါကိုဘန်နီဖြိုးကို R&B ဆန်ဆန်ရေးပေးဖို့ ပြောတာ
သူက rapping တစ်ပိုဒ် ထည့်ရေးလိုက်တယ် အဲဒါနဲ့ ဆိုဖြစ်သွားတာ သူရေးတဲ့ rapping လေးလဲကောင်းပါတယ်...။
♥ညီမလေး ဒီအခွေကို ဗီစီဒီ စရိုက်နေပြီလား
♥♥ဟုတ်စရိုက်နေပြီအမ ငါးပုဒ်ခွဲပြီးနေပြီ ...။
♥အပုဒ်တိုင်းမှာကော သရုပ်ဆောင်ဖြစ်လား
♥♥ အပုဒ်တိုင်းမှာတော့ သရုပ်မဆောင်ဖြစ်ပါဘူး ...အဆိုကဒ်လေးတွေတော့ ပါတာပေါ့....၊အရမ်းဟဲဗီးဖြစ်တဲ့သီချင်း
ကိုတော့ သမီးသရုပ်မဆောင်ဘူး ဘာလို့ လဲဆိုတော့ သီချင်း ဂွမ်းသွားမှာစိုးလို့ (ရယ်လျှက်)....
♥ဒါဆို သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘူးပေါ့
♥♥အစီအစဉ်မရှိဘူးတော့မဟုတ်ပါဘူး အမရယ် ဒါပေမယ့်ကြော်ငြာ ဘာညာဆိုရင်တော့ရိုက်ချင်တယ် ဇာတ်ကားဆိုရင်
လည်းအရမ်း ဟဲဗီးမဖြစ်တဲ့ ဇာတ်ကားမျိုးဆိုရင် တစ်ကားကားရိုက်ချင်တယ်...။ အဆိုတော် ဇာတ်ရုပ်တို့ ဘာတို့ ပေါ့
သမီးကို မင်းသမီးလုပ်မှာလား လာမေးရင် မလုပ်ဖူးလို့ ပဲဖြေတယ်...၊၊ မင်းသမီးဘ၀ နဲ့ မရပ်တည်ချင်ဘူး သမီးက
အဆိုတော်ပဲဖြစ်ချင်တာ.....။

♥ဒီအခွေလေးကို VCD ရိုက်တော့ကော ဒါရိုက်တာ တစ်ယောက်ထဲပဲလား
♥♥ဒါရိုက်တာက ကိုဝင်းလွင်ထက်ပါတယ် ၊ကိုအောင်မြတ်ပါတယ် ၊ ကိုအောင်မြတ် ဒီဒုံးပျံ VCD တို့ဘန်နီဖြိုးခွေ
တို့ ရိုက်တဲ့သူပေါ့ HIP-HOP ဘက်မှာတော်တော်လေးရိုက်နေတဲ့သူပေါ့ ၊နောက်ကိုဝီရ သူကတော့ Channel 7
မှာ Sign of Love ဆိုတဲ့အစီအစဉ်ကိုရိုက်နေတဲ့ သူပေါ့ ၊
♥ညီမလေး ဒီVCD ကိုဘယ်တော့လောက်ထွက်မယ် မှန်းထားလဲ
♥♥သမီးကတော့ စက်တင်ဘာလောက်လအကုန်ကိုမှန်းထားတာ ....၊ဒါပေမယ့် မမှီလောက်ဘူးထင်တယ်.....၊
အဲလိုမှမဟုတ်ရင် အောက်တိုဘာလဆန်းလောက်ထွက်ချင်တယ် အမှန်အတိုင်းပြောရင် အခွေလေးကို အမြန်ဆုံး
ထွက်ချင်တယ် ....။
♥ညီမလေးဒုတိယခွေကောဘယ်တော့လောက်ထွက်မလဲ
♥♥ဒုတိယခွေကတော့ လိုပါသေးတယ် အမရယ် အခုမှ နှစ်ပုဒ်ပဲပြီးသေးတယ် အခုလောလောဆယ်တော့ VCD
အမြန်ထွက်ဖို့ လုပ်နေတယ် ။
♥အသံနဲ့ ပတ်သတ်ပြီးတော့ကောညီမလေး ဘယ်လိုဂရုစိုက်လဲ
♥♥သမီးက အသံဝင်လွယ်တယ် ၊ငယ်ငယ်တုန်းက အသံအိုးရောင်ဖူးတယ် အသံက နည်းနည်းလေးသုံးလိုက်တာ
နဲ့အသံက နာသွားတာမျိုး ၀င်သွားတာမျိုးဖြစ်တတ်တယ် ၊ ဒါကြောင့်အသံကိုအရမ်းအသုံးမပြုဘူး ပွဲတွေဘာတွေရှိ
ရင်သူငယ်ချင်းတွေကိုပြောထားတယ် ငါ့ကိုအရမ်းစကားမပြောနဲ့လို့ (ရယ်လျှက်) အသံအားကောင်းအောင်ကြက်ဥ
သံပုရာသောက်တယ် ....ရေခဲရှောင်တယ်....။

♥Recording ရှိတဲ့ရက်ဆိုရင် ဘာတွေရှောင်လဲ
♥♥Recording ရှိတဲ့ရက်ဆိုရင် သမီးက ဘာအလုပ်မှမလုပ်တော့ဘူး အဲဟာတစ်ခုပဲအချိန်ပေးတယ်..ကျောင်းလဲ
မတတ်တော့ဘူး ဓာတ်ပုံရိုက်တာဘာညာမလုပ်တော့ဘူး...၊ Recording ပြီးသွားရင်တော့ လုပ်ချင်ရာလုပ်တော့
တာပဲ (ရယ်လျှက်)
♥သီချင်းတစ်ပုဒ်ပေါက်ဖို့ ဆိုရင်ဘယ်ဟာအဓိက ကျမယ်လို့ ညီမလေးထင်လဲ
♥♥အဓိက ကတော့ စေတနာပေါ့ အမရယ် ...ပရိတ်သတ်အပေါ်ထားတဲ့ စေတနာပေါ့ ၊နောက် တီးတာရော ရေး
တာရော ဆိုတာရော ဟန်ချက်ညီညီ ရှိဖို့ရယ် အကောင်းဆုံးပေးဆပ်ရမယ်ဆိုတဲ့စေတနာရယ် အဓိက ကျမယ်
လို့ ထင်ပါတယ် ၊ဒါပေမယ့်လည်း တစ်ခါတစ်လေ ကံနဲ့ လည်းဆိုင်ပါတယ် ကိုယ့်ဘက်က ဘယ်လောက်ပဲကြိုးစား
ကြိုးစားတစ်ခါတစ်လေ မပေါက်တာတွေလည်းရှိပါတယ် .....။
♥ညီမလေးက သီချင်းရေးတာလည်းဝါသနာပါတယ်ဆိုတော့ ရေးတာနဲ့ ဆိုတာ ဘယ်ဟာကိုပိုအားသန်လဲ
♥♥သီချင်းဆိုတာကို ပိုအားသန်ပါတယ် ရေးတာက ခက်တယ်(ရယ်လျှက်)...။
♥သီချင်းရေးရင် ဘယ်အချိန်တွေမှာ ရေးတတ်လဲ
♥♥အရင်တုန်းကတော့ ညဘက်တွေပေါ့ အမရယ် ၊အခုနောက်ပိုင်းတော့ ကျောင်းသွားခါနီး ရေးတယ် ၊သီချင်း
ရေးနေတယ်ဆိုပြီးကျောင်းမတတ်တော့ဘူး (ရယ်လျှက်) စာမေးပွဲနီးရင် သီချင်းက အမြဲရေးဖြစ်တယ် ၊အလုပ်
တစ်ခုကိုအာရုံစူးစိုက်တဲ့အချိန်ဆိုရင် သီချင်းက အရမ်းရေးလို့ကောင်းတယ် ။Mood လာတဲ့အချိန်ဆို တစ်ထိုင်
ထဲချရေးနေတော့တာပဲ...။

♥သီချင်းတစ်ပုဒ်ရေးရင် ဘယ်လောက်ကြာလဲ
♥♥အရမ်းကြာတယ် အသံမသွင်းမချင်း ပြင်နေရတာ၊အကြမ်းကတော့မြန်တယ် ၊သံစဉ်ရယ် rapping ရယ် အကြမ်း
frame ချရတာ မြန်တယ် ၊ဒါပေမယ့် သမီးက အသံမသွင်းမချင်းပြင်နေမိတာ ....။
♥စုစုပေါင်းရေးခဲ့တဲ့ သီချင်းဘယ်နှစ်ပုဒ်ရှိပြီလဲ။
♥♥ငယ်ငယ်လေးထဲက ရေးခဲ့တဲ့သီချင်းတွေကောဆို ၁၅ ပုဒ်လောက်ရှိပြီ...၊ ဒါပေမယ့် မသုံးဖြစ်တာများတယ်.....၊
ကိုယ့်ကိုကိုယ်မယုံကြည်လို့မသုံးဖြစ်တာများတယ် ......ကိုယ်ရေးထားတဲ့ထဲကမှ ကောင်းမယ်ထင်တာလေးကို
ပရိတ်သတ်ကိုချပြချင်တယ်.....။
♥သူများအတွက်ကောညီမလေးရေးပေးဖူးတာရှိလား
♥♥မရေးပေးဖြစ်ဘူး အဲလောက်ထိကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသေးဘူး.....၊ဒါပေမယ့် ရေးဖြစ်မယ့်ထိတော့ ကြိုးစား
မယ် ...။ဘာဖြစ်လို့လဲဆိုတော့ သူများအကြိုက်ကျတော့ ကိုယ်ကမသိဘူး ကိုယ့်အတွက်ကျတော့ ကိုယ်ရေးတတ်တယ်
လေ ..၊ဒီတော့ မကောင်းမှာစိုးလို့ ပါ .....။
♥ရှိုးပွဲတွေမှာ ညီမလေးအတွက် မမေ့နိုင်တဲ့အမှတ်တရလေးများရှိခဲ့လား
♥♥အလွဲတွေကတော့ရှိပါတယ် စစချင်း စင်ပေါ်တတ်တော့ ပထမဦးဆုံးပွဲ ပေါ့နော် အဲတော့အရမ်းလဲပျော်မိတယ်
လေ အဲတုန်းက နာဂစ်ဖြစ်ပြီးချင်း(Yangon Internal Hotel )မှာစင်ပေါ်တတ်တော့ ပရိတ်သတ်ကလည်းအားပေး
တယ် အဲမှာ ဖိနပ်က ကျွတ်ထွက်သွားတာ သမီးက ခပ်တည်တည်နဲ့ ပြန်ကောက်စီးပြီးသီချင်းဆိုလိုက်တယ် အဲဒါ
ကတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ အလွဲလေးတစ်ခုပဲပေါ့...

♥ရှိုးပွဲတွေသွားတဲ့အခါ ညီမလေးဘယ်လို ပြင်ဆင်သွားလေ့ရှိသလဲ
♥♥အဓိက ကတော့ သီချင်းပေါ့နော် အ၀တ်အစားကတော့ ရှိုးပွဲမစခင်နှစ်ပတ်လောက်ကတည်းက ပြင်ဆင်
ထားရတာပေါ့.... ပွဲအနေအထားကိုကြည့်ပြီးတော့ ၀တ်ရတာပေါ့ ...ဥပမာ X-mas ဆိုရင်တော့ အနီရောင်လေး
ရွေးဝတ်ရတာပေါ့....၊
♥၀တ်စုံတွေကို ဒီဇိုင်းနာ နဲ့ချုပ်ဖြစ်လား
♥♥ဟုတ် ချုပ်ဖြစ်ပါတယ် ဒီဇိုင်းနာ မပုံ့ နဲ့ အများဆုံးချုပ်ဖြစ်ပါတယ် မချိုဇာနဲ့ လည်းချူပ်ဖြစ်ပါတယ် .....။သမီးချုပ်ချင်
တဲ့ ပုံစံကို ဒီဇိုင်းနာ နဲ့ တိုင်ပင်ပြီးချူပ်ဖြစ်ပါတယ် ......။
♥မြန်မာသူတို့ သမီးဝတ်စုံနဲ့ ရိုက်ထားတာကို လည်းအမတို့ တွေ့ရတယ် အဲလို Photo Model တစ်ယောက်ဖြစ်ရတာ
ကိုလည်း ညီမ၀ါသနာပါလား
♥♥၀ါသနာတော့အရမ်းမပါဘူး .. ဆိုတာက လွဲရင် အရမ်းဝါသနာမပါဘူး ပြီးတော့ ဒါတွေကလည်းပရိတ်သတ်နဲ့
အဆက်မပြတ်ဖို့ အတွက် Touch ဖြစ်အောင်လုပ်တဲ့ သဘောပါပဲ။
♥ညီမလေး ဖက်ရှင်ဒီဇိုင်းကိုကောစိတ်ဝင်စားလား
♥♥ စိတ်ဝင်စားတာတော့ တော်တော်လေးစိတ်ဝင်စားတယ် သမီးနဲ့လိုက်ဖက်မယ့် ဒီဇိုင်းကို ပိုပြီး စိတ်ဝင်စားဖြစ်တယ်...

♥လတ်တလော ၀တ်ဖြစ်နေတဲ့ ဒီဇိုင်းလေးတွေကကော..?
♥♥လတ်တလောက ဘောင်းဘီပဲ ၀တ်ဖြစ်တယ်..ခုက မိုးတွင်းလည်း ရောက်နေတာဆိုတော့ ဂျင်း ကိုပဲ ရောင်
စုံလေးတွေ ၀တ်ဖြစ်တယ် မိုတက်ရောင်စုံ ဒီဇိုင်းလေးတွေပေါ့ stocking အထူလေးတွေနဲ့ လူငယ်ဆန်ဆန်လေး
တွေ ၀တ်ဖြစ်ပါတယ်..။
♥color ထဲမှာဆို ဘယ်လို color လေးတွေကို ကြိုက်လဲ
♥♥ color ထဲမှာဆိုရင်တော့ အမဲကြိုက်တယ် အမဲက လူကိုပိန်စေတယ်...ပန်းရောင်လည်းကြိုက်တယ် အစုံကြိုက်
တယ် လှတာဆိုရင် အကုန်ကြိုက်တယ်....။
♥ညီမလေးအားလပ်ချိန်တွေမှာ ဘာတွေလုပ်ဖြစ်လဲ
♥♥ညီမလေးအားတဲ့အချိန်မှာတော့ အင်တာနက်သုံးဖြစ်တယ် ၊အဓိက ကတော့ ဖက်ရှင်ပုံတွေကိုဒေါင်းလုပ်ထိုင်
ဆွဲတယ်....၊သမီးကြိုက်တဲ့ အဆိုတော် သူတို့ နောက်ဆုံးဘာတွေဝတ်လဲ ၊သူတို့ဝတ်တာကိုကြည့်ပြီး လိုက်ဝတ်တယ်
နိုင်ငံခြားသီချင်း အသစ်တွေတွေ့ ရင် free download လုပ်တယ် ..၊၊
♥ဒါဆို ညီမလေးကြိုက်တဲ့ ပြည်တွင်းပြည်ပ အဆိုတော်တွေကဘယ်သူတွေလဲ
♥♥ပြည်တွင်းမှာဆိုရင်တော့ မဒီးဒီး ကိုကြိုက်တယ် ၊R&B ပိုင်းဆိုရင် မရေဗက္ကာဝင်းကိုကြိုက်တယ် စိုင်းစိုင်းကို
ကြိုက်တယ် စိုင်းစိုင်းကတော့ ငယ်ငယ်ကတည်းက ခရေစီပဲ...၊အောင်မြင်နေတဲ့သူတွေအကုန်လုံးကိုညီမကြိုက်တယ်
ဝိုင်းစုခိုင်သိန်း ကိုလည်းကြိုက်တယ်.....၊၊

♥လက်တလောညီမလေးနားထောင်ဖြစ်တဲ့ သီချင်းတွေက ဘာလဲ
♥♥လက်တလော ညီမလေးနားထောင်နေတာကတော့ BIG BANG ရဲ့ နောက်ဆုံးအခွေကိုနားထောင်ဖြစ်တယ်
ရှားလော့ဂ် ရဲ့ သီချင်းတွေကိုလည်းနားထောင်ဖြစ်တယ် ....၊
♥ပရိတ်သတ်ကြားထဲမှာ မိစန္ဒီဆိုတဲ့ နာမည်ရဖို့ ညီမလေးအခက်အခဲတွေရှိခဲ့လား
♥♥ကြုံခဲ့တာကတော့အများကြီးပေါ့ စလုပ်လုပ်ချင်းတော့အိမ်ကသဘောမကျဘူး ။အိမ်ကလည်းအနုပညာလောက
သာုးတစ်ယောက်မှမရှိတော့ အခက်အခဲတွေကြုံရတာပေါ့ ၊အရမ်းပင်ပန်းတာကိုသိတော့ အိမ်ကလည်းမလုပ်စေချင်
ဘူးစစတတ်ချင်းဆိုရင် အဆိုတော်သစ်ဆိုပြီး ကိုယ့်ကို မတူသလို မတန်သလိုနဲ့ အထင်သေးတာတွေကိုလည်းကြုံရ
သေးတယ်...။စစလုပ်ချင်းတော့ အိမ်ကမသိအောင် ကိုယ့်မုန့်ဖိုးနဲ့ ကိုယ်လုပ်ခဲ့ ရတာ ၊ညီမက အရမ်းကြိုးစားတာသိ
တော့ သူတို့ဘက်ကလည်းလုပ်ပေးလာတယ် .... ဒီမိုနိုပိုလီကလည်းသူတို့ထုတ်ပေးတာလေ....ပရိုဂျူဆာဆီမျက်နှာ
မငယ်စေချင်တာလည်းပါတာပေါ့ ...။
♥ညီမလေး စာမေးပွဲဖြေနေတယ်ဆိုတော့ ဘာတတ်နေတာလဲ
♥♥M.B.A တတ်နေတာပါ .....။
♥ဖြေနိုင်လား ညီမလေး
♥♥အင်းဖြေနိုင်ပါတယ် အမ.... ၊
♥အခုလို အွန်လိုင်းအင်တာဗျူးလေးလုပ်ရတဲ့အပေါ်ညီမလေးရဲ့ အမြင်လေးကိုပြောပေးပါဦး
♥♥နောက်ပိုင်းရောက်တော့ လူငယ်တွေက အင်တာနက်ကိုအသုံးပြုတာများနေပြီလေ အဲဒီတော့ ပရိတ်သတ်နဲ့
ထိတွေ့ ခွင့် ပိုရတာပေါ့ ၊အမတို့ဆိုဒ်လေးကိုလဲပျော်ပါတယ် ....၊၊
♥ညီမလေးရဲ့ Biography ကိုလည်းပြောပြပါဦး
♥♥အဖေနာမည်ကတော့ ဦးမင်းတလဥာဏ်၊အမေကတော့ ဒေါ်ကေသီ သမီးနာမည်ကတော့ မိစန္ဒီမင်းဥာဏ်
မိဆိုတာကတော့ မွန် ... အဖေက မွန် ၊အမေက တရုတ်လေ...၊မွေးချင်းက သုံးယောက် သမီးက အငယ်ဆုံး
သမီးက MBA တတ်နေတယ် BBIS ဆက်တတ်နေတာ LCCI က Accounting Dep; ရထားတယ် အဲလိုမျိုး
မတတ်ရင်အိမ်က သီချင်းပေးမဆိုဘူးဆို လို့(ရီလျှက်)
♥♥♥ဒါလေးကတော့ မိစန္ဒီရဲ့ facebook အကောင့်လေးပါ ♥♥♥
http://www.facebook.com/misandiminnyan
ဒီလင့်လေးက ဖူးစာရှင်လေးကမိစန္ဒီရဲ့ အိမ်လေးပါ

....................................................................................


0 comments:

Post a Comment